ကယားပြည်နယ်အတွင်း ပါတီပေါင်း ၁၄ပါတီ၊ ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်

လွိုင်ကော် စက်တင်ဘာ ၁၀

ကယားပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ကာ လွိုင်ကော်မြို့နယ်အတွင်းရှိ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ခရိုင်/မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး နှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရှိကြောင်း ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းထံမှ သိရသည်။

ကယားပြည်နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၅၅) ဦး ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၉၅)ဦး ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၁၄) ဦး ၊ ဗမာတိုင်းရင်းသားကိုယ်စားလှယ်လောင်း (၈)ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း (၂၇၂)ဦး အမည်စာရင်း ကပ်ထားကြေညာထားပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသည့်ထဲတွင် နိုင်ငံရေးပါတီ (၁၆) ပါတီရှိသည့်အနက် (၁၃)ပါတီ အမည်စာရင်း တင်သွင်းထားကာ တစ်သီးပုဂ္ဂလ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမှာ (၁၃)ဦး အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း မဲရုံပေါင်း (၂၃၃) ရုံလျာထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် မဲဆန္ဒရှင်ဦးရေမှာ (၂၀၇၂၆၇) ဦး၊ ဗမာတိုင်းရင်းသား မဲဆန္ဒရှင် (၃၉၈၁၈)ဦး နှင့် မသန်စွမ်း မဲဆန္ဒရှင် ဦးရေ (၆၅၆) ဦးရှိကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)