သာယာဝတီ ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် တစ်နှစ်ထက်တစ်နှစ် “ဝ”ဥ ဈေးကောင်းရလာသော်လည်း စိုက်ပျိုးနည်းပညာ အားနည်းနေ၍ တောင်သူများ အခက်ကြုံနေ ရကြောင်း “ဝ”ဥစိုက်တောင်သူများက ပြောသည်။
“ဝ”ဥ ကို သာယာဝတီမြို့နယ် လှည်းလမ်းကူးအုပ်စု၌ အများဆုံးစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ဌာနဆိုင်ရာများက အခြားသီးနှံများအတွက် ကူညီထောက်ပံ့ပေးသကဲ့သို့ စိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးစေလိုကြောင်း “ဝ”ဥ စိုက်ပျိုးသူ ဦးဝင်းထွဋ်က ပြောသည်။
“ဝ”ဥ စိုက်ပျိုးမှုက အရင်ကထက်တော့ နည်းနည်းများလာတယ်။တရုတ်ကုန်သည်တွေကလည်း ရွာအထိလာပြီး လာဝယ်ကြတယ်။ စိုက်မယ့်မြေနေရာက ရှိပြီးသားဖြစ်ပေမယ့် အရင်းအနှီးနဲ့ နည်းပညာအခက်ခဲတော့ရှိတယ်။ “ဝ” ဥက သဘာဝပေါက်နေတာလည်းရှိတယ်၊ စိုက်ပျိုးလို့လည်း ဖြစ်ထွန်းတယ်ဆိုတော့ ဝမ်းစာအတွက်ရော စီးပွားဖြစ်ပါ စိုက်ပျိုးမယ်ဆိုရင် အောင်မြင်နိုင်တယ်၊ မိုးတွင်းပိုင်းဆိုရင် “ဝ” ဥတွေပိုးထိတယ်။ အရွက်တွေက ပိုးတွေစားပြီး အရောင်တွေပြောင်းတယ်။ အပင်ဝါပြီး အပင်ပုပ်တယ်။ တစ်ပင်နဲ့ တစ်ပင်ကူးတော့ စိုက်ပျိုးနည်းပညာပိုင်းတွေ အကူအညီလိုအပ်လာတယ်။ အခုက စိုက်အားတော်တော်ကောင်းလာတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
“ဝ”ဥ ကို ဧပြီလ (သို့မဟုတ်) မေလပိုင်းက စတင်စိုက်ပျိုးလေ့ရှိကာ သက်တမ်း ၆ လပြည့်သည့် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စတင်တူးယူနိုင်ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)