ကျွန်းလှ ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါး မျိုးစေ့ထုတ်ကွက် ဧက ၂၀၀နှင့် တစ်ဧကတင်း ၁၀၀ အထက်ထွက်ရှိရေးစံပြကွက် ၂၀ ဧက စိုက်ပျိုးပြီးကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ မိုးစပါး မျိုးစေ့ထုတ်ကွက်နှင့် စံပြကွက် စိုက်ပျိုးရန် ဇွန်လက ရေတင်ပျိုးထောင်ကြပြီး ဇူလိုင်လမှာ စတင်စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးမယ့် တောင်သူတွေကိုလည်း ဧရာမင်းမျိုးစေ့နဲ့ ဓာတ်မြေဩဇာ ထောက်ပံ့ပေးပါတယ်။ အခုအခါ စံပြကွက်တွေ စိုက်ပျိုးပြီးဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ မျိုးစေ့ထုတ်ကွက်နှင့် စံပြကွက် စိုက်ပျိုးမည့် တောင်သူများအား ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက ပျိုးထောင်နည်း၊ စိုက်ပျိုးနည်း သင်တန်းပေးခြင်း၊ ကွင်းသရုပ်ပြခြင်း၊ ဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။။
ကျွန်းလှမြို့နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မိုးးစပါး ၂၉၄၉၂ ဧက စိုက်ပျိုးရန်လျာထားပြီး၊ ယနေ့အထိ ၂၄၀၄၃ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ဒေသနှင့် ကိုက်ညီသည့် ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ချမ်းမြေ့မေ စပါးမျိုးများ စိုက်ပျိုးကြကြောင်း သိရသည်။
မျိုးဝင်းညို (ပြန်/ဆက်)