၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး အောင်ချက်အကောင်းဆုံး ဒုတိယ၊ အောင်ချက်အကောင်းဆုံးခရိုင်၊ မြို့နယ်ကျောင်းများနှင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

ပုသိမ် ဇူလိုင် ၂၅

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး အောင်ချက်အကောင်းဆုံး ဒုတိယ၊ အောင်ချက်အကောင်းဆုံးခရိုင်၊ မြို့နယ်ကျောင်းများနှင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဆရာ၊ ဆရာမများနှင့် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ဦးစွာအခမ်းအနားအား အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “၂၀၂၂ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်သူများအား ဂုဏ်ပြုသော အခမ်းအနားဖြစ်သောကြောင့် ဂုဏ်ပြုထိုက်သူများ ဂုဏ်ပြုခြင်း ဖြစ်ပါကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဟူသည့် စကားအတိုင်း နိုင်ငံ့တာဝန်အား ပုခုံးပြောင်း ထမ်းဆောင်မည့် ကျောင်းသား လူငယ်များသည် ငယ်စဉ်ကာလကပင် ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး ပညာပြည့်ဝ နှလုံးလှသူများ ဖြစ်ကြရမှာ ဖြစ်ပါကြောင်း၊ တက္ကသိုလ်စာမေးပွဲတွင် အောင်ချက်မြင့်မား တိုးတက်လာစေရန် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ပညာရေးမှူးများနှင့် အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးကြသော ကျောင်းအုပ်ကြီးများ အပါအဝင် ဆရာ၊ ဆရာမများ၏ သင်ကြားမှုအောက်တွင် ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားသင်ယူမှုများ၏ ရလာဒ်ပင်ဖြစ်ပါကြောင်း၊ ပညာရေးသည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်သလို အကောင်းဆုံးသော ရင်နှီးမြုပ်နှံမှုလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအထိ အခမဲ့ ပညာရေးစနစ် ဖော်ဆောင်ပေးနေသည့်အပြင် စနစ်သစ် ပညာရေးကို KG+12 အထ ိဖော်ဆောင်လျက်ရှိပါကြောင်း၊ ကျောင်းအဆင့် တိုးမြှင့်ခြင်း၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆရာ၊ ဆရာများ၏ စွမ်းရည်မြင့်မားလာမှသာ ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေး တိုးတက်မြင့်မားလာမှာဖြစ်၍ ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲနေသော ပညာရေးစနစ်ကို မျက်ခြည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရ ကျောင်းသားကြီးများ ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် စာပေသင်ကြားပေးရုံသာမက လူကိုလည်းပြင်ပေးရမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအား စာရိတ္တကောင်းမွန်ရေး၊ စည်းကမ်းလိုက်နာစေရေး၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်စေရေး၊ နိုင်ငံချစ်စိတ်၊ တိုင်းပြည်နှင့် လူမျိုးချစ်စိတ်များ တိုးပွားလာစေရေး လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန် ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ် ကူးပြောင်းရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုပါကြောင်း” ပြောကြားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားအား ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် (၅၂.၁၆)ရာခိုင်နှုန်းဖြင့် အောင်ချက်အကောင်းဆုံး ဒုတိယဆုအား တိုင်းဒေသကြီးပညာရေးမှူးအား ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဆုရ (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသည့် ခရိုင်၊ မြို့နယ်နှင့် ကျောင်းများ၊ နိုင်ငံအဆင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက လည်းကောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆)ဘာသာ ဂုဏ်ထူးရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း၊ (၅)ဘာသာဂုဏ်ထူးရရှိသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် တိုင်းဒေသကြီး ပညာရေးမှူးက လည်းကောင်း၊ (၄)ဘာသာဂုဏ်ထူး ရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၏ဇနီး၊ သယံဇာတရေးရာဝန်ကြီး၏ဇနီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ဇနီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီးတို့က အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကိုယ်စား သိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးအဆင့်(၆)၊ တိုင်းဒေသကြီးအတွင်း အဆင့်(၁)၊ (၆)ဘာသာဂုဏ်ထူးရှင် မောင်ကောင်းစည်သူဟိန်း အခြေခံပညာ အထက်တန်းကျောင်း (ငါးသိုင်းချောင်း)ရေကြည်မြို့နယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅၂.၁၆)ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံး အောင်ချက်အကောင်းဆုံး ဒုတိယ၊ တစ်နိုင်ငံလုံး သိပ္ပံဘာသာတွဲ၌ (ဆဌမ)တစ်ဦး၊ ဝိဇ္ဇာဘာဘာသာတွဲ၌ (ဒုတိယ)နှစ်ဦး၊ (တတိယ)တစ်ဦး၊ (စတုတ္ထ)နှစ်ဦး၊ (ပဉ္စမ)တစ်ဦးနှင့် (ဆဌမ)တစ်ဦး စုစုပေါင်း ၈ ဦးထွက်ပေါ်ခဲ့ကာ တိုင်းဒေသကြီးအတွင်း စုစုပါင်း ဂုဏ်ထူးရရှိသူ ၁၁၂၆၀ ဦး ပေါ်ထွက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၆)ဘာသာဂုဏ်ထူး (၃၁)ဦး၊ (၅)ဘာသာဂုဏ်ထူး (၇၇)ဦး၊ (၄)ဘာသာဂုဏ်ထူး (၄၀၉)ဦးတို့အား ဂုဏ်ပြုဆုများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)