၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး ကျောင်းသား၊ ကျောင်းသူများအား ဆန်ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ကျိုက်လတ် ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး ကျောင်းသား၊ ကျောင်းသူများအား ဆန်ထောက်ပံ့ လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၂) ရပ်ကွက်၊ အ.မ.က(၂)အခြေစိုက်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲမင်းက အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းပြင်ပ မူလတန်းပညာရေးမှ မြို့နယ်ကြီးကြပ်ရေးမှူး ဆရာကြီး ဦးခင်အောင်က ကျောင်းပြင်ပပညာရေး၏ သဘောသဘာဝ၊ မြို့နယ်အတွင်း စခန်းများ ဖွင့်လှစ်ထားရှိမှု ၊ ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပြီး အလှူရှင်တစ်ဦးမှလည်း လှူဒါန်းရခြင်း အကြောင်းများကို ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းပြင်ပ မူလတန်း ပညာရေးမှ Level-1, Level-2 တက်ရောက်သင်ယူနေသော ကျောင်းသား၊ ကျောင်းသူများအား စေတနာရှင်များမှ လှူဒါန်းသည့် ဆန်များအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းပြင်ပ မူလတန်းပညာရေးမှ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ (၇၀)ဦး၊ သံဃာ (၁၀)ပါး၊ သီလရှင် (၁)ပါးတို့ကို ဆန်ထောက်ပံ့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)