ကျိုက်လတ် ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မိုးရာသီအဆင့်မြင့် အားကစားသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က အမှတ်(၄)ရပ်ကွက်၊ ၉ ဖြတ်လမ်းရှိ ရွှေဧရာအောင် အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက သင်တန်းနည်းပြဆရာများအား အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ မြို့နယ်အားကစားနည်းစနစ်မှူး ဦးကျော်နိုင်က သင်တန်းသားများ အားအမှတ်တရ အင်္ကျီများကို လည်းကောင်း ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲမင်း၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်တို့က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါမိုးရာသီ အားကစားသင်တန်းတွင် U-16 အမျိုးသား ဘောလုံးသင်တန်း၊ U-18 အမျိုးသမီးဘောလုံးသင်တန်းနှင့် ပြေးခုန်ပစ် အားကစားနည်းများကို ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်၏ အားထားရသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဇူလိုင်လ (၁)ရက်နေ့မှ (၂၁)ရက်နေ့အထိ အခမဲ့ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၁၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရီရီမြင့်
ကျိုက်လတ်(ပြန်/ဆက်)