ဖျာပုံမြို့၌ မိုးရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဖျာပုံ ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်၏ အားထားရသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မိုးရာသီ အဆင့်မြင့် အားကစားသင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ဖျာပုံမြို့ ပြည်သူ့အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ဖျာပုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးက သင်တန်းဆင်း အမှာစကားပြောကြားပြီး၊ ဖျာပုံမြို့ နေလရောင် မြန်မာ့သိုင်းအဖွဲ့ သင်တန်းသား/ သင်တန်းသူများက သိုင်းသရုပ်ပြကြသည်။ အဆိုပါသင်တန်းတွင် သင်ကြားပေးလျက်ရှိသော အားကစားနည်း (၆)မျိုးမှာ ဗိုဗီနမ်၊ မြန်မာ့သိုင်း၊ ဘတ်စကတ်ဘော၊ ဂျူဒို၊ ပြေးခုန်ပစ်နှင့် အသက်(၁၆)နှစ် အမျိုးသားဘောလုံးအသင်း၊ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးအသင်း စသည်တို့ကို ဇူလိုင်လတစ်ရက်နေ့မှစတင်ကာ ဇူလိုင်လ (၂၄)ရက်နေ့အထိ သင်တန်းသား/ သင်တန်းသူ (၂၀၀)ကျော်အား ဖွင့်လှစ်သင်ကြားပေးပြီးဖြစ်ကြောင်း၊ ဖျာပုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)