ပဲခူး ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့၌ BA-4 / BA-5 ကိုဗစ်- ၁၉ မျိုးကွဲ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်း၊ Mask Campaign ပြုလုပ်ခြင်း ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေမောင်မောင် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းကာ မြို့အတွင်း လူစည်ကားရာ နေရာများ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်းများဖြန့်ဝေခြင်း (Mask Campaign) ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ ပြန်လည်တပ်ဆင်ကာ ကာကွယ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်မှုအား ပြန်လည် ဂရုပြုရေးအတွက် mask campaign ပြုလုပ်ပေးခြင်းဖြစ်ပြီး အသိပညာပေးကာလပြီးဆုံးပါက အရေးယူမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Mask Campaign အသိပညာပေးခြင်းကို ပဲခူးမြို့လူစည်ကားရာနေရာများဖြစ်သော နာရီစင်အနီး (icon)အရှေ့၊ ကျောက်တွင်းကုန်းလမ်းဆုံနှင့်၊ ပြင်စည်လမ်းဆုံတို့တွင် အဖွဲ့ ၃ ဖွဲ့ ခွဲ၍ နံနက် (၇) မှ (၈:၃၀) နာရီထိ မြို့နယ်ထွေအုပ်မှ ဦးဆောင်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ ကြက်ခြေနီအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများ၊ Volunteer အဖွဲ့များ၊ စုစုပေါင်း ၅၃ ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး Mask (၂၀၅၀) ခု ဝေမျှပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင် ပြန်/ဆက်)