မြို့သစ် ဇူလိုင် ၂၅
ကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မိုးတွင်းကာလ မိုးများ ပုံမှန်ရွာသွန်းနေပြီဖြစ်သဖြင့် သီးနှံစိုက်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းခွင် ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါမိုးဖြင့် အညာဒေသတောင်သူများ ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်းနှင့် ပဲစင်းငုံများ စတင်စိုက်ပျိုးလုပ်ကိုင်နေကြပြီး မိုးနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိသည်။
တောင်သူများမှာ ယခင်နှစ် ကျန်မျိုးချန်ထားသူများ ရှိသလို ယခုစိုက်ပျိုးရာသီမှ ကာလ ပေါက်ဈေးဖြင့် ဝယ်ယူစိုက်ပျိုးကြသည်များရှိရာ၊ မျိုးမြေပဲ(၁)တင်းလျှင် ၇ သောင်းခန့် နှင့် မျိုးနှမ်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် ၇သောင်းမှ ၈သောင်းအထိ ဝယ်ယူစိုက်ပျိုးကြရကြောင်း သိရသည်။
“ကျွန်တော်ကတော့ မြေပဲကြဲနေတာပါ နှမ်းကကျတော့ လူစားဖို့ပဲရတယ် မြေပဲကတော့ လူစာနဲ့ နွားစာရတဲ့အပြင် ကာလပေါက်ဈေးလေး တွေကောင်းရင်ကောင်းသလို အဆင်ပြေတော့ မြေပဲကို အားထားစိုက်ကြတာများပါတယ်…မိုးလေမှန်ရင်တော့ ရမှာပေါ့… ရမှလည်း အဆင်ပြေကြမှာ..မျိုးဈေးကြီး..မြေဩဇာဈေးကကြီးနဲ့ဆိုတော့ မိုးလေဝသမှန်ပါစေလို့ပဲ ဆုတောင်းနေရတာပဲ…ပြီးခဲ့တဲ့မုန်တိုင်းမိုးနဲ့ အရဲစွန့်ပြီး စိုက်ခဲ့ကြတဲ့ နှမ်းတွေကတော့ ကြားထဲမှာ မိုးဆက်မရတော့ အပင်တွေက မြေကျစ်ပြီး ကြီးမလာနိုင်ပဲ အပင်ပေါက်နဲ့ပဲ အပွင့်ပွင့်ကုန်ကျတော့ အဲဒီတောင်သူတွေလည်း ပြန်ဖျက်ပြီး ပြန်ကြဲနေကြရတာ နှစ်ခါနာဖြစ်ကုန်ကြတာပေါ့”ဟု မြို့သစ်မြို့နယ်အတွင်းမှ နှမ်းစိုက်တောင်သူတစ် ဦးက ပြောသည်။
တောင်သူများ စိုက်ပျိုးရေးသွင်းအားစုအနေဖြင့် ကွန်ပေါင်းမြေဩဇာ (၁)အိပ်လျှင် ၆ သောင်းကျပ်ခန့် ပေးရကြောင်း၊ ထွန်းယှဉ်း ငှါးရမ်းခမှာ တစ်မနက်လျှင် တစ်သောင်း ကျပ်နှင့် နေကုန် နှစ်သောင်းကျပ်ခန့် ပေးရကြောင်း၊ ထွန်စက်ငှားရမ်းခမှာ တစ်နာရီလျှင် သုံးသောင်းကျပ်ခန့် ပေးချေငှားရမ်းရကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)