ပွင့်ဖြူမြို့နယ်၌ ပန်ရွှေဖူးစားပြောင်းသီးနှံ စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်း အဆင်ပြေ

ပွင့်ဖြူ ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများသည် ပန်ရွှေဖူးစားပြောင်းသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို မြေအောက်ရေဖြင့် စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း ယခင်နှစ်ထက် ဈေးပိုရရှိသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု၊ ညောင်ပင်ဝိုင်းကျေးရွာမှ ဒေသခံ တောင်သူများထံက သိရသည်။

ကျွန်မတို့ မဲဇလီကျေးရွာအုပ်စု၊ ညောင်ပင်ဝိုင်းကျေးရွာက ဒေသခံတောင်သူတွေဟာ ပန်ရွှေဖူးစား ပြောင်းသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို  မြေအောက်ရေဖြင့် (နွေ ၊ မိုး ၊ ဆောင်း) သုံးရာသီစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ကျွန်မတို့ကျေးရွာက မဲဇလီရေလွှဲဆည်ကပေးတဲ့ မြောက်မုန်း မြောင်းမကြီးနဲ့ နီးပေမယ့်ရေပေးမြောင်းရဲ့ အမြင့်နေရာဖြစ်နေတာကြောင့် စိုက်ပျိုးရေရယူဖို့အတွက် မလွယ်ကူပါဘူး။ တစ်ချို့တောင်သူတွေကတော့ ရေစုပ်စက်တွေဝယ်ယူပြီး မဲဇလီရေလွှဲဆည်မှ ပို့လွှတ်တဲ့ မြောက်မုန်းမြောင်းမကြီးက စိုက်ပျိုးရေကို ရေစုပ်စက်နဲ့ စုပ်ယူပြီးတော့ စပါးသီးနှံများ စိုက်ပျိုးကြပါတယ်။ တောင်သူအများစုကတော့ စပါးမစိုက်ပဲ ယခုလိုသီးနှံဝင်ငွေကောင်းတဲ့ ပန်ရွှေဖူးစားပြောင်း၊ ကြံ၊ ငှက်ပျော၊ ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ ကုလားပဲသီးနှံနဲ့ အခြား ဟင်းသီး ဟင်းရွက်သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။ ပန်ရွှေဖူးစားပြောင်းသီးနှံစိုက်ပျိုးရေးကိုတော့ သုံးရာသီလုံး စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ပန်ရွှေဖူးစားပြောင်းသီးနှံဟာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင် လက်ရှိမှာပန်ရွှေဖူးစားပြောင်းက တစ်ဖူးကို လက်လီ ဈေးနှုန်း ငွေကျပ် ၂၀၀ ရောင်းချရပြီး ဖောက်သည်ဈေးက တစ်ဖူးကို ငွေကျပ် ၁၅၀ ဖြင့် ရောင်းချနေရ ပါတယ်။ ဒါ့အပြင် ပန်ရွှေဖူးစားပြောင်းစိုက်ပျိုးရေးလုပ်ငန်းဟာ ပြောင်းဖူးရောင်းချပြီးချိန် ကျန်ရှိတဲ့ ဖူးစားပြောင်းပင်ကိုလည်း ကျွဲ၊ နွားတိရစ္ဆာန်အစာအဖြစ် ရောင်းချရတဲ့အတွက် သီးနှံဝင်ငွေတွက်ချေ ကိုက်ပါတယ်။ ဒါ့ကြောင့် သီးနှံတွေထဲမှာ ပန်ရွှေဖူးစားပြောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို တောင်သူ တွေအနေနဲ့ အားထားစိုက်ပျိုးသင့်ပါတယ် ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်ဝိုင်းကျေးရွာမှ ဒေသခံတောင် သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်သည် ရပ်ကွက် (၄) ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု (၅၆)အုပ်စု၊ ကျေးရွာပေါင်း (၂၀၅) ရွာရှိကာ ဒေသခံပြည်သူများမှာ စိုက်ပျိုးရေအဆင်ပြေသည့်အတွက် ဆန်စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ကုလားပဲ၊ ငှက်ပျော၊ ပိန္နဲ၊ သရက်၊ သံပုရာ၊ ရှောက်၊ လျှော်ဖြူစသည့် သီးနှံများနှင့် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ၊ ဘုရားပန်းမျိုးစုံတို့ကို (နွေ ၊ မိုး ၊ ဆောင်း ) တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး နှစ်စဉ်စိုက်ပျိုးသည့်သီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်းလည်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )