ကျိုက်လတ် ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ရေပြင်သက်ကယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းနှင့် တပ်ဖွဲ့များ၏ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြ လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က အမှတ် (၃) ရပ်ကွက်ရှိ မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဇေယျာမင်း ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ရေနစ်သူအား (Speed Board) ယာဉ်ဖြင့် ရှာဖွေကယ်ဆယ်ခြင်း၊ အဝေးထိန်း အသက်ကယ်ယာဉ်ဖြင့် ကယ်ဆယ်ခြင်းနှင့် ရေနစ်သူအား ရှေးဦးသူနာပြုနည်းဖြင့် အသက်ကယ် ပြုစုခြင်းတို့ကို လက်တွေ့လေ့ကျင့် သရုပ်ပြသခဲ့သဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်