ဒေးဒရဲ စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး ခန်းမ၌ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုက ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးဆိုင်ရာများအား ပြောကြားခဲ့ပြီး မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ရောင်းချရာတွင် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချစေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်စေရေး၊ ဒေးဒရဲမြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီး၏ အဝင်/အထွက် ဂိတ်တစ်ခုဖြစ်၍ ဒေးဒရဲတံတား ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ရခိုင်ပြည်နယ်မှ မြို့နယ်များ အားလုံးနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ Stay at Home သတ်မှတ် မြို့နယ်များမှ ပြန်လည်ဝင်ရောက် လာသူများအား Facility Quarantine ထားရှိရေး အထည်ချုပ်စက်ရုံအား သတ်မှတ် ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ကြီးကြပ်ဆောင်ရွက်နိုင်ရေး စသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ရာ အစည်းအဝေးသို့ တက်ရောက်လာသူများက ပြန်လည်ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညို၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးတို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)