ကြံခင်း ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းတကျ အမှိုက်များစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများရှိလာစေရန် ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက (အ မ က)အင်းလပ်အရှေ့ကျောင်းခန်းမ ၌ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေးနှင့် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်တတ်စေရန် လက်တွေ့သရုပ်ပြ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်မှ ကျောင်းသား၊ ကျောင်းသူများကို မိမိ၏ ကျောင်း၊ ရပ်ကွက်နှင့် မြို့ရွာများတွင် စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်ရန်နှင့် သတ်မှတ်နေရာများတွင် စွန့်ပစ်ရေးအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှု ဆောင်အရာရှိ ဦးဌေးမြင့်အောင်မှ မိမိပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေး၊ အမှိုက်များ ခွဲခြားစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရေးကိုအသိပညာပေး ရှင်းလင်း ပြောကြားသည်။
ထိုနောက် ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်တတ်စေရန်၊ အမှိုက်စို၊ အမှိုက်ခြောက်များကို လက်တွေ့သရုပ်ပြခွဲခြား စွန့်ပစ်ခြင်းအစီအစဉ်ပြုလုပ်ပြီး တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များအားပေးအပ်ပြီး နောက်ကျောင်းဝန်းအတွင်း ပလပ်စတစ် (Campaign)စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
အလားတူ (အမက)ရွှေတောင်စုကျောင်းစာသင်ခန်းတွင် နေ့လည်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်မှစည်းကမ်းတကျအမှိုက်စွန့်ပစ်ရေး၊ အမှိုက်အမျိုးအစားစနစ်တကျခွဲခြားတတ်စေရန် ရှင်းလင်းပြောကြားပြီးနောက် မြို့နယ် စည်ပင် သာယာရေးအဖွဲ့ (တာဝန်ခံ) အင်ဂျင်နီယာ ဦးကျော်မြင့်နိုင်မှ ကျောင်းသား၊ ကျောင်းသူများ အား အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရန် အမှိုက်စို၊အမှိုက်ခြောက်၊ အန္တရာယ်ရှိစေနိုင်သောအမှိုက်များအား ခွဲခြားပြသပြီးနောက် ကျောင်းသား၊ကျောင်းသူများမှ လက်တွေ့သရုပ်ပြ ကြပြီး တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)