ဝေးလံခေါင်ဖျားဒေသသတင်းများ

ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်ရေး ကြီးကြပ်မှု ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်ရေး ကြီးကြပ်မှုကော်မတီ အရေးကြီး အချိန်ကာလအတွင်း ကော့သောင်းခရိုင်အတွင်းရှိ မြို့နယ်/မြို့များ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု ကာကွယ်ရေး၊ ကုသရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်မူဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းမှု အစည်းအဝေးတစ်ရပ်ကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၊ ကော့သောင်းခရိုင်၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်၊ ကုသရေးကြီးကြပ် မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဝေလင်း မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကော်မတီဝင်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

သာယာဝတီမြို့တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား သီးခြားနေထိုင် စောင့်ကြည့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့တွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးနှင့် ထိန်းချုပ်ကုသနိုင်စေရေးတွက် ပြည်ပနိုင်ငံများမှ မြို့နယ်သို့ ပြန်လည်ရောက်ရှိလာသူများအား Quarantine (၁၄)ရက်တာ သီးခြားနေထိုင် စောင့်ကြည့်နိုင်ရန် အ.ထ.က(၁) သာယာဝတီနှင့် အ.ထ.က(သုံးဆယ်) ကျောင်းများ၌ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချောင်းဦးမြို့၌ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီနှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ ပူးပေါင်း၍ ယမန်နေ့ နံနက် (၈) နာရီက ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

တွံတေးမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ပြည်တွင်း/ပြည်ပမှနေရပ်သို့ ပြန်လည် ရောက်ရှိ လာသူများအား တွံတေးမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ရောဂါ မပြန့်ပွားရေးအတွက် မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကော်မတီနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနနှင့် ပူးပေါင်း၍သက်ဆိုင်ရာ နယ်မြေအလိုက် ရပ်ကွက်/ကျေးရွာ၊ စာသင်ကျောင်းဓမ္မာရုံ၊ ကျန်းမာရေးဌာန(၃၇)ခုတွင် မတ်၂၈ရက်နေ့မှ စတင်ကာ Community Based Facility Quarantine များ စီမံထားရှိကြောင်း သိရှိရသည်။

ဘုတလင်မြို့၊ မြို့မဈေးတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် (၃)ပေအကွာမှ ရောင်းဝယ်ကြရန် နေရာသတ်မှတ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘုတလင်မြို့၊ မြို့မဈေးတွင် ဈေးရောင်းချသူ များနှင့် ဈေးဝယ်သူများအား (၃)ပေအကွာမှ ရောင်းဝယ်ကြရန် နေရာသတ်မှတ်ပေးထားကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဒေါ်ခိုင်ခိုင်စိုးထံမှ သိရသည်။

ဖျာပုံမြို့နယ်အတွင်း (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်သူများ စားဝတ်နေရေး ပြေလည်စေရန် ဆန်တစ်ပြည်တစ်ထောင်နှုန်းဖြင့် ရောင်းချပေးရန် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ပြည်သူများ (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်နေချိန်၊ ဆန်ဈေးနှုန်း မြင့်မားမှုမရှိစေရန် ရည်ရွယ်၍ ဖျာပုံမြို့နယ် ဆန်စက်၊ ဆန်ကုန်သည်များအသင်းမှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး ပြေလည်စေရန် အချွန်ဆန် (2KG) တစ်ပြည်တစ်ထောင်နှုန်းဖြင့် ရောင်းချပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေးစက်မှုဇုံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ထိခိုက်နေသော လုပ်ငန်းများအား ချေးငွေလျှောက်ထားနိုင်ရန် အကျုံးဝင်ကိုက်ညီမည့် အချက်အလက်များအား ရှင်းလင်း

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ထိခိုက်နေသော လုပ်ငန်းများအား ချေးငွေလျှောက်ထားနိုင်ရန် အကျုံးဝင် ကိုက်ညီမည့် အချက်အလက်များအား ရှင်းလင်းပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံရှိ ကနောင်ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ငွေကျပ်သိန်း (၁၀၀)လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ထွန်းလင်းကံရတနာရွှေဆိုင်မှ အလှူငွေကျပ်သိန်း (၁၀၀) ကို ယမန်နေ့ နေလယ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်ပမှပြန်လည်ဝင်ရောက်လာသူအားလုံးကို Community Quarantine ပြင်ဆင်ထားရှိပြီး သက်ဆိုင်ရာကြီးကြပ်ကော်မတီများက ကွင်းဆင်းစစ်ဆေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် COVID-19 ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ကုသနိုင်ရေးအတွက် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများအားလုံးကို၊ (၁၄)ရက်စောင့်ကြည့်နိုင်ရန် သက်ဆိုင်ရာကျေးရွာ အလိုက် Community Quarantine များဆောင်ရွက်ထားရှိပြီးဖြစ်ရာ၊ အဆိုပါ သတ်မှတ်နေရာများအား လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာကြီးကြပ်ရေးအဖွဲ့များက၊ မတ်လ(၃၀)ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရသည်။

ယင်းမာပင်မြို့၌ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား ၁၄ ရက် သီးခြားနေထိုင်ရန် စောင့်ကြည့် စစ်ဆေးမှုများပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ထိန်ချုပ်ကာကွယ်နိုင်ရေးအတွက် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား Quarantine ၁၄ ရက် သီးခြားနေထိုင်စောင်ကြည့်နိုင်ရန် ယင်းမာပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာစစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ