မကွေးတိုင်းဒေသကြီး

မင်းလှမြို့၌ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ဆိုင်ရာ အသိပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလှည့်လည်နှိုးဆော်မှုကို ယမန်နေ့ ညနေ ၄ နာရီက မင်းလှမြို့ပေါ်ရှိ အမှတ်(၁၊ ၂၊ ၃) မြစ်ကမ်းဘေးရပ်ကွက်(၃)ခုနှင့် ရွာတော်ကျေးရွာရှိ ဓမ္မာရုံများ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် အသိပေးနှိုးဆော်ခဲ့သည်။

ချောက်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲမှ​ မိုးရာသီစိုက်ပျိုးစရိတ်​ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

မ​ကွေးတိုင်းဒေသကြီး၊​  ချောက်ခရိုင်၊​ ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက်၂၀၂၅ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ရသစ်ကျေးရွာအုပ်စုရှိ ရသစ်၊ မကျီးစောက်(ရှေ့)(နောက်)၊ အလယ်ရွာ၊ ပုဂံစုရွာသစ်ကျေးရွာများမှတောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်​ချေး​ငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၄ နာရီခွဲ အချိန်က ရှစ်မျက်နာဘုရားဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြသည်။

ဂန့်ဂေါမြို့၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရေကြီးခြင်းဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များကို သိရှိစေရန်အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့များပူးပေါင်း၍ ယမန်နေ့ညနေ ၃ နာရီအချိန်က ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်တောင်ပိုင်းရှိ လောင်ထောင်ချောင်းဘေးမှနေအိမ်များသို့ သွားရောက်၍ ရေဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။

ပခုက္ကူမြို့၌ စီးပွားရေးလုပ်ငန်းရှင်များအား ကုန်ပစ္စည်းများ ဘေးကင်းလုံခြုံရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြရေး တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းပြီး အဆင်ပြေချောမွေ့စွာဝယ်ယူသုံးစွဲနိုင်ရေးရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့ပေါ်ရပ်ကွက်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား ခရိုင်စားသုံးသူရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

မကွေးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား Biometric အချက်အလက်နှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိ

နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား) များအား ဇီဝဆိုင်ရာအချက်အလက်များ (Biometric) ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချောက်မြို့နယ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားများအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် smart card များ ပြုလုပ်ပေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကိုယ်ရေးအချက်အလက် (Biographic)၊ ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းနှင့် Smart Card များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား UID နံပါတ်များ ဆက်လက်ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (UID) Unique Identity နံပါတ်များ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်၌ ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၅)သင်တန်းဆင်းပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၅)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး