မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(အ.လ.က ၄)၌ ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်းစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။ 

မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကျင်းပပြုလုပ်

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မွန်ပြည်နယ်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးများ၊ နှီးနွယ်ဌာနများမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ကုသရေးဦးစီးဌာန လက်အောက်ရှိ ပြည်နယ်/ ခရိုင်/ မြို့နယ်/ တိုက်နယ်ပြည်သူ့ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ ခရိုင်/ မြို့နယ်ကုသရေး ဦးစီးဌာနမှူးများ၊ ပုဂ္ဂလိကဆေးရုံများ၊ ပုဂ္ဂလိကအထူးကုဆေးခန်းများ၊ ပုဂ္ဂလိက အထွေထွေရောဂါကုဆေးခန်းများ၊ ပုဂ္ဂလိကရောဂါရှာဖွေရေးလုပ်ငန်းများမှ တာဝန်ခံပုဂ္ဂိုလ်များ၊ တက်ရောက်သည်။

မွန်ပြည်နယ်အတွင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သောက်သုံးရေများ လိုက်လံဖြန့်‌ဝေပေး

အပူချိန်မြင့်မားမှုကြောင့် ရေရှားပါးမှုနှင့်ကြုံတွေ့နေရသည့် မွန်ပြည်နယ်အတွင်းမှ မြို့နယ်အသီးသီးတို့ရှိ ပြည်သူများထံ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၏ ကြီကြပ်မှုဖြင့် ဝန်ထမ်းများမှ ယမန်နေ့က သောက်သုံးရေများ လိုက်လံ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ သောက်သုံးရေရှားပါသည့် ကျေးရွာများသို့ သောက်သုံးရေလှူဒါန်း

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း သောက်သုံးရေ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဦးဆောင်၍ ချောင်းဆုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်ပူးပေါင်းကာ မေလ (၇) ရက်နေ့နှင့် (၉) ရက်နေ့တို့တွင် သောက်သုံးရေရှားပါးသည့် ကျေးရွာ(၇)ရွာသို့ သောက်သုံးရေများ(အခမဲ့) သွားရောက်လှူဒါန်းခဲ့ကြသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်အခဲရှိသောကျေးရွာများသို့ သောက်သုံးရေ ဂါလံ ၅၄၀၀အခမဲ့ ဖြန့်ဝေ

ပူပြင်းခြောက်သွေ့သော နွေရာသီ၌ ကျေးရွာပြည်သူများ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးက ကျိုက်မရောမြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်အခဲရှိနေသော ကျေးရွာများသို့ ယနေ့နံနက်ပိုင်းမှစတင်ကာ ရေသယ်ယာဥ်ကြီးဖြင့် သောက်သုံးရေ ဂါလံ(၅၄၀၀)ကို ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ ကျောင်းစာကြည့်တိုက်များရှင်သန်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကျောင်းစာကြည့်တိုက်များ ရေရှည်ရှင်သန်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်တွင် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့် ပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် မီးသတ်ဦးစီးဌာန၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အခြေခံပညာအလယ်တန်းကျောင်း (သ​င်္ဘောဦး)၌ ပြုလုပ်သည်။

သထုံမြို့ရှိ ဆွမ်းကြီးလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူ‌ကျေးရွာ ရှေးဟောင်းသမိုင်းဝင် ဓါတ်တော်တိုက်‌ (ဒုတိယမဟာစေတီတော်မြတ်ကြီး)၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပွဲတော်တွင် သီလရှင်အပါး (၅၀၀)တို့အား အလှူရှင်အသီးသီးတို့မှ ယနေ့နံနက်က စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များကို စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်အမှတ်(၂) စျေးမြေလွတ်၌ ဆက်လက်ရောင်းချပေးလျက် ရှိသည်။
Subscribe to မွန်ပြည်နယ်