မြစ်ကြီးနားမြို့၌ အငြိမ်းစားပင်စင်လစာများ  ထုတ်ပေးလျက်ရှိ

မြစ်ကြီးနား     ဇူလိုင်  ၂၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း အငြိမ်းစားပင်စင်စားများအား လစဉ် ၂၁ ရက်နေ့ တွင် စိတ်အေးချမ်းမြေ့စွာ ပင်စင်လစာများ ထုတ်ယူနိုင်ရေးအတွက် မြစ်ကြီးနားမြို့  မြို့တော်ခန်းမတွင် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက ဇူလိုင်လ (၂၁) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိသည်။

မြစ်ကြီးနားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းနေထိုင်သည့် အငြိမ်းစား ပင်စင်လစာခံစားနေသူများအား ပင်စင်လစာထုတ်ပေးရာတွင် နိုင်ငံရေးပင်စင်၊ ကာကွယ်ရေးပင်စင်နှင့် မြို့ပြပင်စင်ဟူ၍ အမျိုးအစားအလိုက် စိစစ်ထုတ်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများအား ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ငွေပေးကောင်တာများကို ဇူလိုင်လမှ စတင်ကာ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထို့အပြင် အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပင်စင်လစာထုတ်ပေးမည့် ရပ်ကွက်နှင့် ကျေးရွာများ သတ်မှတ်ထားရှိပြီး ဇူလိုင်လ ၂၇ ရက်နေ့အထိ မြို့တော်ခန်းမတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့တော်ခန်းမတွင် လာရောက်မထုတ်နိုင်သည့် ပင်စင်စားများအတွက် ဧရာရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ရုံးဖွင့်ချိန်များအတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရှိရသည်။

ယော်ဆောင်(ပြန်/ဆက်)