နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နေကြာမျိုးစေ့ထုတ်စိုက်ပျိုးတောင်သူများနှင့်တွေ့ဆုံ

ပျဉ်းမနား ဇူလိုင် ၂၂

ပြည်ထောင်းစုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ အောင်သိဒ္ဓိကျေးရွာ တွင် Contract စနစ်ဖြင့် နေကြာမျိုးစေ့ထုတ်(၁၀၉)ဧကစိုက်ပျိုးထားကြသည့် တောင်သူများနှင့်တွေ့ဆုံပွဲနှင့် မျိုးကောင်းမျိုးသန့် မျိုးစေ့များထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီတွင် အဆိုပါကျေးရွာ နေကြာမျိုးစေ့ ထုတ်စိုက်ခင်း၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး က အဖွင့်အမှာစကားပြောကြားရာတွင် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် နေကြာအပါအဝင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စီမံချက်ချအကောင်အထည်ဖေါ်ဆောင်ရွက်နေလျက်ရှိပါကြောင်း၊ ဒေသခံတောင်သူများ၏ လူမူစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ဒေသခံတောင်သူများအားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးစေရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်စေရေးနှင့် အထွက်နှုန်း ကောင်းမွန်စေရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုစေမည့် ထုတ်ကုန်များ ဖန်တီးထုတ်လုပ်နိုင်ရေးနှင့်  စိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ မွေးမြူရေးလုပ်ငန်းများကိုလည်း စီးပွားဖြစ်လုပ်ကိုင်နိုင်သည်အထိ ကြိုးစား ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပျဉ်းမနားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းက Contract စနစ်ဖြင့် နေကြာမျိုးစေ့ထုတ်စိုက်ပျိုးဆောင်ရွက်နေမှုအခြေအနေများနှင့် ဆောင်းသီးနှံ မျိုးကောင်း မျိုးသန့်များ ထောက်ပံ့ပေးအပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နှမ်း၊ ပဲတီစိမ်း၊ မတ်ပဲမျိုးကောင်းမျိုးသန့်များအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဝေဖြိုးနိုင်တို့က ဒေသခံတောင်သူများထံ အသီးသီးပေးအပ်ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက် များအားတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးကြပြီး နေကြာမျိုးစေ့ထုတ်စိုက်ခင်းများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ အောင်သိဒ္ဓိကျေးရွာ တွင် ဒေသခံတောင်သူ(၂၅)ဦးတို့က Contract စနစ်ဖြင့် နေကြာမျိုးစေ့ထုတ်(၁၀၉)ဧကစိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။

ဇော်မင်းလွင်(ပြန်/ဆက်)