ပိုင်ကျုံ ဇူလိုင် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေရန်နှင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ အ.ထ.က နောင်ဘိုကြီးကျောင်း၌ ဒုတိယအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆေးထိုးစုရပ်ဖြစ်သည့် အ.ထ.က နောင်ဘိုကြီးကျောင်းတွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း (၇၂၀)ဦးရှိပြီဖြစ်ကြောင်း၊ ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများတို့က အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိနေသေးသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် သတ်မှတ်ဆေးထိုးစုရပ်များတွင် ဆက်လက်ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင် ကြီးကြပ်မှုဖြင့် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား/သူများအား ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ ဆရာ၊ ဆရာမများနှင့် အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများတို့ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအား အဆင်ပြေလွယ်ကူစွာ ဆေးထိုးနှံနိုင်ရေးအတွက် ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းလုပ်ငန်းများအား ဝိုင်းဝန်းကူညီဆောင်ရွက်ကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)