ပျော်ဘွယ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ပျော်ဘွယ် ဇူလိုင် ၂၂

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့ညနေ(၄)နာရီက မြို့နယ်ရုံး(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဆွေးနွေးပွဲကိုကျင်းပရာ ကလေးအလုပ်သမားအဖြစ် သတ်မှတ်ခေါ်ဆိုမှုများ၊ အရွယ်မရောက်သေးသူများ လုပ်ငန်းခွင်ဝင်ရောက်ရပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ၊ မိဘ သို့မဟုတ် လုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကို ဆွေးနွေးမေးမြန်းသည်။

မေးမြန်းဆွေးနွေးမှုများနှင့် ပတ်သက်၍ မြို့နယ်ဒုတိယရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်မင်းဆွေ က ရှင်းလင်းဆွေးနွေးရာ မြန်မာနိုင်ငံတွင် အသက်(၁၄)နှစ်အောက် ကလေးငယ်များအား မည်သည့်လုပ်ငန်းခွင်တွင်မှ လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုထားခြင်းမရှိပါကြောင်း၊ အသက်(၁၄) နှစ်နှင့် (၁၆)နှစ်ကြားရှိသူများကိုလည်း သတ်မှတ်အချိန်ဖြင့်သာ လုပ်ငန်းဆောင်ရွက်ရန် သတ်မှတ်ထားပါကြောင်း၊ ကျန်းမာကြောင်း ထောက်ခံချက်နှင့်သာ လုပ်ငန်းခွင်ဝင်ရောက်စေနိုင်ကြောင်း၊ အရွယ်မရောက်သေးသူများ အချိန်မတိုင်ခင် လုပ်ငန်းခွင်ဝင်ရောက်ရပါက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်လာနိုင်မှုများ၊ ပညာရေးတွင်လည်း နစ်နာဆုံးရှုံးရမည့်အခြေအနေ များ၊ စာရိတ္တပိုင်းချို့ယွင်းလာနိုင်သည့်အခြေအနေများ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ကျန်းမာရေးတို့တွင် ကျဆင်းလာနိုင်သည့် အခြေအနေများကို အကျယ်တဝင့်ဆွေနွေးပြီး မိဘပြည်သူများအနေဖြင့် စားဝတ်နေရေး အဆင်ပြေမှုမရှိသော်လည်း အရွယ်မရောက်သေးသူများအား အလုပ်သမားအဖြစ်ခိုင်းစေခြင်း မပြုရန်လိုအပ်ပါကြောင်း၊ အလုပ်ရှင်များအနေဖြင့်လည်း မိမိစီးပွားအဆင်ပြေရေးအတွက်သာ မစဉ်းစားဘဲ ကလေးအလုပ်သမားပပျောက်ရေးအတွက် မည်သည့်ပုဂ္ဂိုလ်မဆို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)