အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန် ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အင်းစိန်မြို့နယ်၊ စည်ပင်သာယာ‌ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဈေးများဖြစ်သော အင်းစိန်ဈေး၊ မြို့သစ်ဈေး၊ ကြို့ကုန်းဈေး၊ ဘိုကုန်းဈေး၊နံ့သာကုန်းဈေး၊ ဆယ်မိုင်ဈေး၊ ဖော့ကန်ဈေး၊ လေဟာပြင်ဈေး၊ ဟီးနိုးဂိတ်ဈေး၊ ကြက်ဘဲဈေးနှင့် အောင်ဆန်းဈေးတို့တွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေ့စဉ်ဈေးတာဝန်ခံများနှင့် ဝန်ထမ်းများက အသံချဲ့စက်ဖြင့် ဈေးအတွင်းသို့ လှည့်လည်ကာ နှိုးဆော်ရာတွင် နှာခေါင်းစည်း ကို စနစ်တကျတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေကွာ နေကြရန်၊လက်ကို စနစ်တကျဆေးကြောရန် စသည့် အသိပညာပေး သိကောင်းစရာများကို နှိုးဆော်ပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဈေးများတွင်လည်း တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ အလားတူ ဈေးများ၏ ဝင်ပေါက်၊ ထွက်ပေါက်များတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ လက်ဆေးဘေစင်များ ထားရှိပေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန်စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သိကောင်းစရာများကို အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကိုဗစ်-၁၉   ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများနှင့် ပရဟိတ အသင်း/အဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)