မြဝတီမြို့၌ ပညာရွှေဖူး ကိုယ်ပိုင် မူလတန်းကျောင်းဖွင့်လှစ်

မြဝတီ ဇူလိုင် ၂၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးလမ်းတွင် ပညာရွှေဖူး ကိုယ်ပိုင်မူလတန်းကျောင်း ဖွင့်ပွဲအခမ်း အနားကိုယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသားကျောင်းသူများမှ နိုင်ငံတော်သီချင်း၊ မြန်မာ့ကျောင်းသီချင်းနှင့်ကျောင်းကောင်စီ သီချင်းများ သီဆို၍ ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကား ပြောကြားပြီး ပညာရွှေဖူး ကိုယ်ပိုင်မူလတန်းကျောင်း Founder ဦးသန်းရွှေက ကျောင်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး  ပညာရွှေဖူး ကိုယ်ပိုင်မူလတန်းကျောင်းသစ်အား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်း၊ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး  ဦးရဲဇင်လတ်၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးလွင်၊ ကော့ကရိတ်ခရိုင်ပညာရေးမှူး ဦးခိုင်ထွန်း၊ ပညာရွှေဖူး ကိုယ်ပိုင်မူလတန်းကျောင်း Founder ဦးသန်းရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများသည် ကျောင်းသစ်အား အမွှေးနံ့သာရည်များဖြင့် ပတ်ဖြန်းပေးပြီး စာသင်ခန်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)