သာစည် ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်းပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
စာအုပ်လှူဒါန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌဦးစံဝင်းက မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ စာကြည့် တိုက်များရှင်သန်ဖွံ့ဖြိုးရေး ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက်စာအုပ်လှူဒါန်းပွဲပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက ကျေးရွာစာကြည့်တိုက် ၁၃ တိုက်၊ ဌာနဆိုင်ရာစာကြည့်တိုက် ၃ တိုက်နှင့်ရွေ့လျှားစာကြည့်တိုက်တစ်တိုက် စုစုပေါင်းစာကြည့်တိုက် ၁၇ တိုက်တို့အား စာအုပ်များလှူဒါန်းခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်တစ်တိုက်လျှင် သုတရသစာအုပ်များနှင့် ပုံပြင်စာအုပ်များအပါအဝင် အုပ်ရေ ၃၀ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်လှူဒါန်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာစာကြည့်တိုက်များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)