ပူတာအို၌ မြို့နယ်သမဝါယမအသင်းစု၏ ဒေသထွက်ကုန်စံပြ အရောင်းဆိုင်ဖွင့်လှစ်

ပူတာအို ဇူလိုင် ၂၂

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် သမဝါယမဦးစီးဌာန လက်အောက်ရှိ မြို့နယ်သမဝါယမအသင်းစု၏ ဒေသ ထွက်ကုန်စံပြအရောင်းဆိုင်ခန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုမြို့ လုံးစွတ် ရပ်ကွက်ရှိ ဦးခေါ်ကွဲဒီးနေအိမ်၌ ဖွင့်လှစ်သည်။

ရှေးဦးစွာ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆွေလှိုင်ဦးနှင့် မြို့နယ် သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးတင်မျိုးတို့က မြို့နယ်သမဝါယမအသင်းစု၏ ဒေသထွက်ကုန်စံပြ အရောင်းဆိုင်ခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

အဆိုပါ စံပြအရောင်းဆိုင်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ ဒေသထွက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရောင်းချပေးနိုင်ရေး၊ ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမ ကဏ္ဍမှ တဖက်တလှမ်း အထောက်အကူပြုနိုင်ရေး ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပြီး ယင်းအရောင်းဆိုင်တွင် ဒေသထွက်ကုန်ဖြစ်သော ရှီးပတီးဦးရေစိမ်၊ ရှီးပတီးပျားရည်စိမ်၊ ခမ်းတောက် မြစ်၊ မချစ်ဥ၊ တောင်ဆိတ်ဆီ၊ ဝက်ဝံဆီ၊ ယိုအမျိုးမျိုး၊ အခြားဆေးဖက်ဝင်ပစ္စည်းများ၊ ဆန်(ငွေတိုး)၊ ဆန်(ချင်းရှယ်)၊ ညောင်ဦးပဲဆီသန့်၊ ကချင်ပုဆိုး၊ ကချင်လုံချည် စသည်တို့ကို တစ်နေရာတည်းတွင် သက်သာ‌‌သော ဈေးနှုန်းဖြင့်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆွေလှိုင်ဦး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်၊ မြို့နယ်သမဝါယမဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးခေါ်ဒုဒီးဆားရ်နှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်မျိုးနှင့် အဖွဲ့ဝင်များ၊ လုံးစွတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အခြေခံသမဝါယမအသင်းမှ အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)