ပိုင်ကျုံ ဇူလိုင် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်အေးချမ်း သာစွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများတို့က ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ အ.ထ.က နောင်ဘိုကြီးကျောင်းတွင် အသက်(၅)နှစ်နှင့် အထက်ကျောင်းသား ကျောင်းသူများအား ပထမအသုတ် ပထမအကြိမ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသူ (၇၅၀)ရှိပြီး ပထမအသုတ် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိ ကျောင်းသားကျောင်းသူ စုစုပေါင်း(၇၂၀)ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်းကျေးလက်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်ကြီးကြပ် မှုဖြင့် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများကာကွယ်ဆေး လာရောက်ထိုးနှံသည့်ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ ဆရာ၊ ဆရာမများနှင့် အအုပ်ချုပ်ရေးမှူးများ၊စေတနာ့ ဝန်ထမ်းများတို့ ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား/ကျောင်းသူများအား အဆင်ပြေလွယ်ကူစွာ ဆေးထိုးနှံနိုင်ရေး အတွက် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းလုပ်ငန်းများအား ဝိုင်းဝန်းကူညီဆောင်ရွက်ကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)