ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲသို့တက်ရောက်

ဟိုပုံး ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၏ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း ဖွင့်လှစ်သည့် Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသတွင်းထွက်ရှိသော သီးနှံများကိုအခြေခံသည့် စားသောက်ကုန်လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်၊ One Village One Product အဖြစ် ထုတ်ကုန်အသစ်များပေါ်ထွက်လာစေရန်၊ ပြည်သူများအနေဖြင့် မိမိတို့ဒေသထွက်အသီးအနှံများအား တန်ဖိုးမြှင့်စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေ/ညွှန်ကြားချက်များကို သိရှိလာစေရန်၊ ကျေးလက်ဒေသဆင်းရဲမှုလျာ့ချရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြစ်ဖွင့် လှစ်ပေးခဲ့ကြောင်း၊ သင်တန်းတွင် Butter Cake၊ ကွတ်ကီး၊ လျှာပေါ်ဝဲ၊ နံကထိုင်၊ ပူတင်း၊ ကျောက်ကျော၊ Plane Cake၊ သီးစုံကိတ်၊ ပေါင်မုန့်၊ ကိတ်ခြောက်နှင့် Pizza စတဲ့မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာများကို သင်ကြားပေးခဲ့ပါကြောင်း၊ ရှမ်းပြည်နယ် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုလို စားသောက်ကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းအပြင် လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ ဝါးအခြေခံလက်မှုထည် နည်းပညာသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ တစ်လုံးထိုးအင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်း၊ ရက်ကန်းကာလတိုသင်တန်း၊ သဘာဝဆိုးဆေးသင်တန်း၊ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီ သင်တန်း၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းမော်က သင်တန်းဖွင့်လှစ်ရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းမော်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၏ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်က သင်တန်းမှထွက်ရှိသည့် ကုန်ချောပစ္စည်းများကို မြို့မိမြို့ဖ ဒေါ်တင်တင်ဝင်းကို လည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင်များက အမှတ်တရလက်ဆောင် ပစ္စည်းများကို ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းမော်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတို့ကိုလည်းကောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ဂုဏ်ပြုလက်ဆောင်ပစ္စည်းများကို သင်တန်းနည်းပြဆရာမ(၂)ဦးတို့ကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။  ထို့နောက် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားရာတွင် သင်တန်းမှသင်ယူရသော အတတ်ပညာများဖြင့် ဒေသအတွင်းထွက်ရှိသော သစ်သီးများ၊ ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံများကို စနစ်တကျလုပ်ကိုင်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော စံချိန်စံညွှန်းမီ စားသောက်ကုန်ပစ္စည်းများအား မိသားစုဝင်များစားသုံးနိုင်ခြင်း၊ ထိုမှတစ်ဆင့် စီးပွားဖြစ်ထုတ်လုပ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေများ တိုးပွားလာအောင်ကိုယ်ပိုင် လုပ်ငန်းများလုပ်ကိုင်သွားနိုင်မည်ဖြစ်ပါတယ်။ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့်  မိသားစုဝင်ငွေတိုးပွားစေရန်အတွက်  ဒေသထွက်ကုန်များအခြေခံပြီး တန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်နိုင်စေရန် Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်လှစ်ပေးတဲ့အတွက် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

နေမင်းထွန်း(ပအိုဝ်းဒေသ)