တောင်ကြီး ဇူလိုင် ၂၂
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုးသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန CommunityCentre ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးဆောင်ရွက်သွားနိုင်ရေး အတွက် ကြိုတင်ပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီးစီးမှုအခြေအနေများအား ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက အဆိုပါဘက်စုံသုံးခန်းမ၌ တာဝန်ကျဝန်ထမ်းများနှင့် တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှမ်းပြည်နယ်ဦးစီးမှူး၊ ဝန်ကျဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် အခန်းကဏ္ဍအလိုက် အဖွဲ့ခေါင်းဆောင်များမှ ရှင်းလင်းတင်ပြပေးကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေနှင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် လက်ထောက်ညွှန်ကြားရေးမှူးများက လုပ်ငန်းပြင်ဆင်ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို တစ်ဦးချင်းအလိုက် ရှင်းလင်းတင်ပြပေးခဲ့ကြပါသည်။ ဆက်လက်၍ အဖွဲ့အလိုက် ရှင်းလင်းတင်ပြချက်များအပေါ် လုပ်ငန်းအပြီးသတ်ဆောင်ရွက်သွားကြရေးနှင့် ထိုသို့ဆောင်ရွက်ရာ၌ လုပ်ငန်းအားနည်းချက်၊ လိုအပ်ချက်များရှိခဲ့ပါက ပြန်လည်တင်ပြကြရန်၊ အဆိုပါဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်နိုင်စေရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ ဝန်ထမ်းများ၏ နေထိုင်ရေး၊ စားသောက်ရေးများနှင့် ပတ်သက်၍ အခက်အခဲလိုအပ်ချက်များရှိပါက ပြည်နယ်ဦးစီးမှူးထံ အချိန်နှင့်တပြေးညီ တင်ပြသွားကြရန်နှင့် ဖွင့်ပွဲအခမ်းအနား အောင်မြင်ပြီးမြောက်စွာ ကျင်းပသွားနိုင်ရေးတွင် ဝန်ထမ်းများမှ တတတ်တအား ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်းတို့ကို နိဂုံးချုပ်လမ်းညွှန်အမှာစကား ပြောကြားပြီးနောက် တွေ့ဆုံအစည်းအဝေးကို ရုတ်သိမ်းလိုက်ပါသည်။ ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ပြည်နယ်လူထုအခြေပြုဗဟိုဌာန Community Centre အတွင်းရှိ စာပေဗိမာန်၊ ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်းစာကြည့်တိုက်၊ ဘက်စုံသုံးခန်းမ စသည့်အခန်းအလိုက် ပြင်ဆင်ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်စွက်မှာကြားပေးပါသည်။
တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ပြည်နယ်ဦးစီးမှူး၊ ခရိုင်ရုံးများနှင့်မြို့နယ် ရုံး၊မြို့ရုံးအသီးသီးမှ ဖွင့်ပွဲလုပ်ငန်းတာဝန်ကျဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တောင်ကြီး(ခရိုင်ပြန်/ဆက်)