ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၂၇) အခြေခံပညာအထက်တန်းကျောင်းတွင် ဟောပြောပွဲကျင်းပ

မန္တလေး ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၂၇) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး၍ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး” ခေါင်းစဉ်ဖြင့် စတင်ဟောပြောခဲ့ပြီး၊ မန္တလေးတိုင်း ဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာမွန်ဦးက “ ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်အကြောင်း”၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (မန္တလေး)မှ စခန်းမန်နေဂျာ ဦးညွန့်မြိုင်(လက်ထောက်ညွှန်ကြားရေးမှူး)မှ “ မူးယစ်အန္တရာယ်လူ့ရန်စွယ် အကြောင်းနှင့် မိုင်းအန္တရာယ်အသိပညာပေးခြင်းအကြောင်း”၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ (မန္တလေး)မှ ဦးစီးအရာရှိ ဒေါ်ခိုင်သဇင်အောင်မှ “လူကုန်ကူးခြင်း ကင်းဝေစေဖို့ အားလုံးဝိုင်းဝန်ပူးပေါင်းစို့” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ကျော်ကျော်အောင် (ခရိုင်၊ပြန်/ဆက်)