ပင်းတယမြို့နယ်၌ ဂျူးမြစ်များလှိုင်လှိုင်ထွက်ရှိ၍ မိသားစုအပိုဝင်ငွေရ

ပင်းတယ ဇူလိုင် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် တောင်ပေါ်ကြီးကျေးရွာတွင် ယခုရက်ပိုင်းအတွင်း၊ ဂျူးမြစ်လှိုင်လှိုင် ထွက်ရှိပြီဖြစ်၍ မိသားစုနေ့စဉ် လုပ်ငန်းများဖြင့် အပိုဝင်ငွေ ရရှိလျက်ရှိသည်။

ပင်းတယမြို့နယ်အနီး၊ တောင်ပေါ်ကြီး၊ ပန်းစစ်၊ မဲနယ်တောင်၊ ကြံခင်းမြောင်၊ ထွက်နီ၊ ကြေးတွင်းကုန်းစသည့် အအေးပိုသည့် တောင်ပေါ်တစ်လျာက်ကျေးရွာများတွင် ဂျူးမြစ်များ အများအပြားထွက်ရှိသည်။

တောင်ပေါ်ကြီးကျေးရွာမှ  ဂျူးမြစ်ရောင်းချသူတစ်ဦးက"ကျွန်တော်တို့ရွာက ဂျူးမြစ်ဒီအချိန်ဆို အရမ်းပေါတယ်။ ရွာငံ-ပင်းတယ ဖြတ်လမ်းပေါ်မာရှိတဲ့ ရွာဆိုတော့ဒီအနီးအနား ဖြတ်သွားဖြတ်လာ ကားတွေကိုစောင့်ရောင်းတယ်။ အိမ်ရှေ့မှာတင် လမ်းပေါ်ထွက် ဝါးစင်လေးတွေလုပ်ပီး ဒေသထွက်ကုန် တွေရောင်းတယ်။ ခုချိန်ကဂျူးမြစ် အရမ်းရောင်းရတယ်။ ဂျူးမြစ် တစ်ပိသာကို ၁၂၀၀ ရတယ်။ ပင်းတယစျေးနေ့နဲ့ ရွာငံစျေးနေ့တွေဆို မြို့ပေါ်တက်ရောင်းကြတယ်။ ပိုရောင်းကောင်းတာပေါ့။ ကြားရက်တွေတော့  အိမ်ရှေ့မှာပဲချရောင်းတယ်။ တစ်ရက်ကို အချိန် ၁၀ လောက်ရောင်းရတယ်။ မိသားစုဝင်ငွေ ၁၀၀၀၀ အထက်မှာရှိတယ်။  အပိုဝင်ငွေလဲရ၊  မိသားစု စား၊ ဝတ်၊ နေ ရေးလည်း  အဆင်ပြေပါတယ်" လို့ ပြောပါသည်။

ရှမ်းပြည်၏ အဓိက ဒေသထွက်ကုန် ပဲပုပ်များတွင် ဂျူးကိုအဓိကထည့်၍ ဂျူးပဲပုပ် အဖြစ်ပြုလုပ်ကြရာ ဂျူးသည် ကုန်ကြမ်းအဖြစ် အသုံးများကြသည်။ ဂျူးမြစ်ကို  နေ့စဉ်ပုံမှန်စားသုံးခြင်းဖြင့် သွေးဖိအားပုံမှန်ဖြစ်စေခြင်း၊ နှလုံးသွေးလွှတ်ကြောဆိုင်ရာရောဂါများ၊ အယ်ဇိုင်းမားဖြစ်ခြင်းနှင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခြင်း၊  ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုကြောင့်ဖြစ်သောရောဂါများ၊ အရိုးပါးရောဂါ၊ အဆုတ်နှင့် အူလမ်းကြောင်းကင်ဆာများကို ကာကွယ်နိုင်ခြင်းစသည့် ကောင်းကျိုးများ ရရှိနိုင်ကြောင်း ဆေးပညာဆောင်းပါးများမှတဆင့် သိရသည်။

အေးအေးလတ်၊ ပင်းတယ(ခရိုင်ပြန်/ဆက်)