ကမမောင်း ဇူလိုင် ၂၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး လူတိုင်းပါဝင်ဆောင်ရွက်ပေး နံရံကပ်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ချိတ်ဆွဲပြသခဲ့ကြောင်း သိရှိရသည်။ နံရံကပ်စာစောင်တွင် မိုးကြိုးဘေး၊ မိုးခေါင် ရေရှားဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ ရေဘေး၊ မီးဘေး၊ မြေငလျင်ဘေး စသည့် ဘေးအန္တရာယ်များမဖြစ်ပေါ်ခင် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ ဖြစ်ပေါ်လာလျှင် ပြုလုပ်သင့်သည့်အချက်များနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ ကလေးအလုပ်သမားဟူသည်အဘယ်နည်း၊ ကလေးအလုပ်သမား သည် တရားမဝင်ကြောင်း စသည့် အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် နံရံကပ်စာစောင်များကို ချိတ်ဆွဲပြသပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ ဖြစ်သည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရှောင်ရန်၊ ဆောင်ရန် အချက်များ၊ ကလေးအလုပ်သမားဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း သိကောင်းစရာများ စသည့် အချက်များပါဝင်သည့် နံရံကပ်စာစောင်များကို ပြသလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု့လျက်ရှိကြောင်း သိရှိရသည်။
တင်တင်လှ(ကမမောင်း၊ပြန်/ဆက်)