ပူတာအို ဇူလိုင် ၂၂
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများကို အခြေခံ၍ လူငယ်များအား ကစားကို ပိုမိုစိတ်ဝင်စားပြီး စိတ်ဓာတ်ခန္ဓာပိုမိုကျန်းမာကြံ့ခိုင်လာစေရန်၊ ဘောလုံးစွမ်းရည်ဖလှယ်ရင်း စွမ်းရည်ပိုမိုမြင့်မား လာပြီး မြို့နယ်လက်ရွေးစင်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားအဆင့်ထိ တက်လှမ်းလာနိုင်ရန်၊ အားကစား ကို စိတ်အားထက်သန်ခြင်းဖြင့် မိမိဘဝပျက်စီးရာ ပျက်စီးကြောင်း မူးယစ်ဆေးဝါး သားကောင်ဖြစ်စရာ အကြောင်းများမှ ရှောင်ရှားစေနိုင်ရန်နှင့် အနာဂတ်၏ မျိုးဆက်သစ် လူငယ်များ အားကျအတုယူပြီး အားကစား ကို အစဉ်အမြဲစိတ်ဝင်စားလာစေရန်အတွက် ၂၀၂၂ ခုနှစ် ပူတာအိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်က ပူတာအိုဒေသ၏ ဘောလုံးအားကစားနည်းအပေါ် ဝါသနာပါ မြေတောင်မြှောက်ပေးလို သည့် စိတ်ဓာတ်ကို အထူးချီးကျူးလေးစားမှတ်တမ်းတင်ပါကြောင်း၊ မူးယစ်ဆေးဝါးတွင် ဘိန်းဖြူ၊ ဘိန်းမဲ၊ စိတ်ကြွရူးသွပ်ဆေးပြားတွေဟာ လုံးဝမစမ်းကြည့်သင့်သည့် အရာတွေဖြစ်ပါကြောင်း၊ ပူတာအိုဒေသတွင် မူးယစ် ဆေးဝါး ခေါင်းထောင်မလာနိုင်ရန်အတွက် မိမိကိုယ်ကို၊ မိသားစုဝင်များ၊ ဆွေးမျိုးအသိုင်းအဝိုင်းများ၊ မိတ်ဆွေ သူငယ်ချင်းများ မသုံးစွဲခြင်းဖြင့် ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ အားကစားသမား များအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပြိုင်ပွဲ အစ၊ အလယ်၊ အဆုံးအထိ ကောင်းသောယှဉ်ပြိုင်ခြင်းဖြင့် ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း အမှာစကားပြောကြားပြီး ပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ အစီအစဉ် ဒုတိယပိုင်းတွင် ရဝမ်၊ လီဆူ၊ ရှမ်း၊ ဂျိမ်းဖောရိုးရာယဉ်ကျေးမှုများနှင့် Fitness Dance သမီးပျိုလေးများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပူတာအိုအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းသီဟ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် အားကစားဝါသနာရှင် မိဘပြည်သူများက ဖွင့်ပွဲအနေဖြင့် ဆာရ်ခွမ်ဒမ်းဘောလုံးအသင်းနှင့် မာမူးလဲ့ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ပြိုင်ပွဲသို့ ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုတို့မှ ပြိုင်ပွဲဝင် အသင်းပေါင်း (၂၇)သင်းတို့ က အုပ်စုလေးအုပ်စုဖြင့် ဇူလိုင်(၂၁)ရက်မှ စက်တင်ဘာ(၅)ရက်အထိ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားသွား မည်ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကို စက်တင်ဘာ(၁၇)ရက်နေ့တွင် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီမှ သိရသည်။
ဖုန်ကန်(ပူတာအို)