သိန္နီမြို့နယ်တွင် မိုးစပါးများ စတင်စိုက်ပျိုး

သိန္နီ ဇူလိုင် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား၍ နှစ်စဉ် နွေစပါး၊ မိုးစပါး၊ ဆီထွက်သီးနှံနှင့် ဟင်းချက်စရာသီးနှံများကို နမ္မတူချောင်းမှ ရေကိုရယူလျက် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးရာတွင် ယခုနှစ် မိုးစပါးရာသီတွင် သိန္နီမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် နွေစပါးအပြီး လယ်ယာများကို ပြုပြင်၍ မိုးစပါးများကို စတင်စိုက်ပျိုးလျက် ရှိသည်။

သိန္နီမြို့နယ်တွင် မိုးစပါးစိုက်ဧက (၂၃၂၅)ဧက ရှိရာ ယာစပါး (၈၄၇)ဧက ၊ တောင်ယာစပါး (၁၄၇၈) ဧက၊ စုစုပေါင်း (၂၃၂၅)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။ လယ်စပါးများကို စိုက်ပျိုးနိုင်ရေး တောင်သူများအနေဖြင့် လယ်ယာမြေများကို ထွန်ယက်ပြုပြင်နေပြီလည်းဖြစ်သည်။ သိန္နီမြို့နယ်တွင် စပါးစိုက်ရန်အတွက် နမ္မတူချောင်းပတ်ဝန်းကျင်တွင် မြေနုလွင်ပြင်များ ပေါများခြင်း၊ တောင်ယာစပါးများစိုက်ပျိုးရန် မြေဧကများ ပေါများခြင်းတို့အတွက် နှစ်စဉ် ဆန်စပါးများ ပေါများစွာထွက်ရှိရာ မြို့နယ်လည်း ဖြစ်သည်။“နွေစပါးစိုက်ပျိုးချိန်တွင်လည်း စိုက်ပျိုးမြေဧက (၉၃၆)ဧက ရှိ၍ စပါးအထွက်နှုန်း (၁၀၃၇၄၆) တင်း ထွက်ရှိခဲ့ကြောင်း၊ မိုးစပါးရာသီတွင်လည်း စပါးဧက အထွက်နှုန်းပိုမိုထွက်ရှိရန် မျှော်လင့်ကြောင်း” မိုးစပါးစိုက်တောင်သူ ဦးစိုင်းအောင်ဖေထံမှ သိရသည်။

စောဉမ္မာ(သိန္နီ)