တနင်္သာရီ ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် အထက-တနင်္သာရီကျောင်း ပညာရတနာခန်းမအတွင်း ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစ၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသူ/သားများအား ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ သိရှိနိုင်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
၎င်းအခမ်းအနားသို့ မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီသီအေးနှင့် ဝန်ထမ်းများ၊ တနင်္သာရီမြို့နယ်ဘေးအန္တရာယ် ဆိုင်ရာဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဆန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့် မီးသတ်တပ်ထွဲ့ဝင်များ၊ အထက-တနင်္သာရီမှ ဆရာမများနှင့် Grade-11 အတန်းနှင့် Grade -8 အတန်းတို့မှ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာနဝန်ထမ်းများက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အခမဲ့ထုတ်ဝေသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်နှင့်မုန့်ထုပ်များကို ကျောင်းသား/သူများထံ ဖြန့်ဝေပေးကြသည်။
ထို့နောက် မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်သီသီအေးက အခမ်းအနားလာရောက်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး၊ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်အခြေခံမူ(၄)ရပ်နှင့် လိုက်နာရမည့်တာဝန်(၅) ရပ်၊ ဥပဒေပြဋ္ဌာန်းခြင်း၊ ကလေးသူငယ်အခွင့်အရေး(၄)ရပ်၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း၊ ရုပ်ပိုင်း/စိတ်ပိုင်း/လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ လစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အကြမ်းဖက်ခြင်း၊ အန္တရာယ်ဖြစ်စေနိုင်မှုမြင့်မားသည့်အချက်များနှင့် ကလေးများလိုက်နာသင့်သည့်အချက်များကို အကျယ်တဝံ့ပညာပေးဆွေးနွေးပြောကြားကာ အမှတ်တရလက်ဆောင်ပေးအပ်ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်က ရေဘေးဖြစ်ပွါးပါက အသက်အန္တရာယ်မှကာကွယ်နိုင်ရန် အသက်ကယ်အင်္ကျီဝတ်ဆင်နည်း ရည်ရွယ်ချက်နှင့် လက်တွေ့ဝတ်ဆင်အသုံးပြုစေခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာန အငယ်တန်းစာရေးဒေါ်ယဉ်ယဉ်ထွေးက မုန်တိုင်းအန္တရာယ်နှင့်ဒေါ်သဉ္ဇာဝင်းက ရေဘေးအန္တရာယ်ဆိုင်ရာများကို ပညာပေးဆွေးနွေးပေးကြပြီးနောက် အထက-တနင်္သာရီကျောင်းအတွက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ပညာပေးဗွီနိုင်းပိုစတာကို ပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)