သီပေါမြို့နယ်တွင် လူဦးရေနှင့်သဘာဝပတ်ဝန်းကျင် အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်

သီပေါ ဇူလိုင် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများအား ပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍လူဦးရေနှင့်သဘာဝပတ်ဝန်းကျင်  အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်၉နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက  အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာရေးဆရာ ဇာဏီဟိန်း (သီပေါ) က ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက် နေ့တွင် ကမ္ဘာ့လူဦးရေသန်း(၅၀၀၀)ပြည့်သည့်နေ့ကို ကမ္ဘာ့လူဦးရေနေ့ အဖြစ်သတ်မှတ်ပြီး အထိမ်းအမှတ် အခမ်းအနားကို  ၁၉၉၀ ပြည့်နှစ်မှ စတင်ကျင်းပခဲ့ရာ ယခု(၃၃)နှစ် ရှိပြီဖြစ်ကြောင်း၊ နှစ်စဉ်ကုလသမဂ္ဂ အနေဖြင့် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်များကို ချမှတ်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် ဆောင်ပုဒ်မှာ “လူဦးရေသန်း(၈၀၀၀)ရှိသော ကမ္ဘာမြေ၊ ခံနိုင်ရည်ရှိသော အနာဂတ်ဖြစ်တည်ဖို့ အားလုံးအတွက် အခွင့်အလမ်းများရယူလို့ ရပိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်များ ပံ့ပိုးကြပါစို့” ဖြစ်ကြောင်း၊ ယနေ့ ကမ္ဘာ့လူဦးရေမှာ သန်း(၇၉၀၀) ကျော်လာပြီး မကြာတော့တဲ့အချိန်မှာ သန်း(၈၀၀၀)ပြည့်တော့မည်ဖြစ်ကြောင်း၊ လူငယ်များ၏လူသားအရင်းအမြစ်များကို နိုင်ငံတော်အတွက် အကျိုးရှိအောင်ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ လူဦးရေနှင့် သဘာဝပတ်ဝန်းကျင်ဟန်ချက်ညီအောင် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း စသည်ဖြင့်ဆွေးနွေးခဲ့ပါသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်   သက်ဆိုင်ရာကဏ္ဍများအလိုက်   အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)