မိုင်းဆတ်မြို့၌ မိုးရာသီ ပြောင်းသီးနှံစိုက်ပျိုးရောင်းချသူများအဆင်ပြေ

မိုင်းဆတ် ဇူလိုင် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မိုးရာသီပြောင်းသီးနှံစိုက်ပျိုးမှုများ အောင်မြင်ဖြစ် ထွန်းကာ ဈေးကောင်းရသဖြင့်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ဦးလေးတို့ဒေသခံတောင်သူတွေက အခြားသီးနှံတွေကို ရာသီအလိုက်စိုက်ပျိုးကြပါတယ်၊ ယခုနှစ် မိုးဦးကျမှာ စိုက်ထားတဲ့ပြောင်းခင်းတွေတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးထဲစတင်ရောင်းချလို့ ရနေပြီ” ဟု မိုးရာသီ သကြားပြောင်းစိုက်တောင်သူ ဦးစိုင်းနော်ခမ်းကပြောသည်။

အဆိုပါ မိုးရာသီ သကြားပြောင်းများကို ခူးဆွတ်ရောင်းချရာတွင် လက်ကားဈေး တစ်ဖူးလျှင် (၁၅၀)ကျပ်ရောင်းရပြီး ပြောင်းဖူးအကြီးအသေးပေါ်မူတည်၍ ငွေကျပ်(၁၀၀၀)လျှင်(၁၁)ဖူး ရောင်းချရခြင်းကြောင့် ပြောင်းစိုက်တောင်သူများအဆင်ပြေလျက်ရှိပြီး မိုင်းဆတ်မြို့တွင် မိုးရာသီပြောင်းစိုက်ပျိုးမှုမှာ သကြားပြောင်းမျိုးနှင့် ကာဘိုက်မျိုး(၂၀)ဧကခန့် စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြင့်မောင်(ပြန်/ဆက်)