မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေး စာပေဟောပြောပွဲကျင်းပ

ရန်ကင်း ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ အသိပညာပေးစာပေဟောပြောပွဲကို ဦးရဲမင်းစိုး(တရားလွှတ်တော်ရှေ့နေ) စာရေးဆရာ မောင်မောက်(ဝတ်လုံ)နှင့်ယမန်နေ့ မွန်းတည့်၁၂:၀၀ က ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါ အသိပညာပေးစာပေဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က မသန်စွမ်းသူများ၏ အခွင့်အရေးများ မသန်စွမ်းသူ များအတွက် ဥပဒေပြဌာန်းရခြင်း၏ရည်ရွယ်ချက်၊ အသန်စွမ်းသူများအတွက် ပြဌာန်းထားသည့် ဥပဒေပါ အခွင့်အရေးများ၊ အခြေခံလွတ်လပ်ခွင့်များ မသန်စွမ်းသူများ၏ ပညာသင်ခွင့်  အခွင့်အရေးများ၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူပိုင်ခွင့် နယ်ပယ်အသီးသီးတွင် ပါဝင်ဆောင်ရွက်နိုင်ခွင့် မသန်စွမ်းသူများအပေါ် ကျူးလွန်သည့်ပြစ်မှုများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူများမှ မသန်စွမ်းအခွင့်အရေးများနှင့် ပတ်သက်ပြီး မေးမြန်းကြရာ စာရေးဆရာ မောင်မောက်(ဝတ်လုံ) က မသန်စွမ်းသူများ၏ ပညာသင်ယူခွင့်အခွင့်အရေးများ၊ ဥပဒေပြဌာန်းရခြင်းများ၊ မသန်စွမ်းသူများအပေါ် အခွင့်အရေး ယူခြင်းများ၊ ဖိနှိပ်ခြင်းများကြောင့် ဥပဒေအရ ကာကွယ်ပေးထားသည့် ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းကို စနစ်တကျ ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်တွက် အသိပညာပေးစာပေဟောပြောပွဲများ၊ Talk Show အစီအစဉ်များ၊ စာအုပ်မိတ်ဆက်အစီအစဉ်များ၊ ပုံပြင်ပြောခြင်းအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း  ဦးစီးအရာရှိ ဒေါ်အိရွှေစင်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

အိရွှေစင်