ပင်းတယ ဇူလိုင် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့အဝင်ဆိုင်းဘုတ်နှင့် ပြည်သူ့ဆေးရုံရှေ့ လမ်းဘေးဝဲယာတို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ယမန်နေ့နံနက်က စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ပင်းတယမြို့သည် အေးချမ်းသာယာသည့် တောင်ပေါ်ဒေသဖြစ်ပြီး၊ ယဉ်ကျေးမှုအမွေ ရှေးဟောင်းစေတီ၊ တန်ခိုးကြီးဘုရားများဖြင့် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိရာ မြို့တွင်းသာယာလှပရေးအတွက် ပင်းတယမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အလေးထားဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ (ပင်းတယ)မှ အမှုဆောင်အရာရှိ ဦးစည်သူဝင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာဝန်ထမ်းများမှ ပင်းတယမြို့နယ်အတွင်း၊ ရေစီးရေလာကောင်းမွန်စေရန်နှင့် သန့်ရှင်းသာယာလှပရေးအတွက် မြို့အဝင်ဆိုင်းဘုတ်ရှေ့၊ လမ်းဘေးဝဲယာတစ်လျှောက်နှင့် ပြည်သူ့ဆေးရုံရှေ့ လမ်းဘေးဝဲယာ တစ်လျှောက်တို့တွင် ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများအတွင်းရွံ့မြေများ၊ နုန်းမြေများ၊ အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားခြင်း၊ ချုံနွယ်ပင်များရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့်သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့အား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အေးအေးလတ်၊ပင်းတယ(ခရိုင်ပြန်/ဆက်)