သုံးခွ ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ပြည်သူများ၊ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှော ဖလှယ်တတ်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က စာရေးဆရာ ကြည်မင်းခေါင်ရေးသားသည့် “ဘာပဲဖြစ်ဖြစ်စိတ်မညစ်နဲ့” စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီး(Book club အဖွဲ့၀င် ဒေါ်တင်မိုးဆွေမှ စာရေးဆရာကြည်မင်းခေါင်ရေးသားသည့် “ဘာပဲဖြစ်ဖြစ်စိတ်မညစ်နဲ့” စာအုပ်သည် စိတ်ဓာတ်ခွန်အားဖြည့်စေသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါကြောင်း၊ ဘယ်လိုအခက်အခဲမျိုးတွေကြုံတွေ့နေပါစေ စိတ်ဓာတ်ကျနေလို့မရပါကြောင်း၊ ယုံကြည်စိတ်ချရပါတယ်ဆိုတဲ့ လူတွေကပဲ နောက်ကျောကိုဓားနဲ့ထိုးသွား ကြတာဖြစ်ပါကြောင်း ပြောကြားသည်။ (Youth Club )အဖွဲ့၀င် မသန္တာအေးက “လူဟာလူပဲဘာမှမဟုတ်ဘူး” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ဈေးကြီးတဲ့ အ၀တ်အစားအသုံးအဆောင်တွေ၀တ်ထားပြီး သုံးစွဲနေသူပဲဖြစ်ဖြစ် အရမ်းချောမောလှပပြီး ချစ်စရာကောင်းတဲ့သူပဲဖြစ်ဖြစ်၊ သိန်းထောင်ကျာ်တန်ကားကြီးစီးပြီး စီးပွားရေးမှာအရမ်းအောင်မြင်နေတဲ့သူပဲဖြစ်ဖြစ် သူတို့မှာလဲ စိတ်ဆင်းရဲစရာလေးတွေ၊ အခက်အခဲ အားနည်းချက်တွေတော့ရှိတတ်တာဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ (Youth club)အဖွဲ့၀င် မ၀င်းလဲ့ဖြိုးဝေမှလည်း “အဖျင်းဆိုတာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် လောကမှာအလုပ်လုပ်ကိုင်ဖို့ အလုပ်မရှိခြင်းဟာ အဆိုးဝါးဆုံးဖြစ်ပါကြောင်း၊ အလုပ်မရှိတဲ့အတွက် အဖိုးမတန် အသုံးမကျတဲ့ဘ၀ကို ရောက်သွားနိုင်တာလည်း ၀မ်းနည်းစရာ အကောင်းဆုံးဘ၀လို့ပြောရမှာဖြစ်ပါကြောင်းစသည့် စာအုပ်ပါအကြောင်းအရာများကိုဆွေးနွေး၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြသည်။
စည်သူလင်း (ပြန်/ဆက်)