ဆိပ်ကြီးခနောင်တို ဇူလိုင် ၂၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ သခင်ဘသောင်းရပ်ကွက်ရှိ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်သူနာပြုဆရာမကြီးဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးရာသို့ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတ အဖွဲ့ဝင်များကဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အခြေခံပညာကျောင်း ၁၇ ကျောင်းရှိရာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၅ နှစ်မှ ၁၂ အရွယ်ကျောင်းသား၊ ကျောင်းသူ ၃၁၈၀ ဦးရှိသည့်အနက် ၂၂၃၅ ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း သက်ဆိုင်ရာကျောင်းများအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွာမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (IPRD)