တွံတေး ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့်ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ် ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ တွံတေးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ရာ ကျောင်းပေါင်း (၂၁၅)ကျောင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ( ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူ ကျောင်းသား/သူ (၂၂၉၃၁)ဦးအား ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် မြို့နယ်အတွင်းရှိ အသက်(၅) နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ သူများအား သက်ဆိုင်ရာပုံစံတွင် ဖြည့်သွင်းခိုင်းပြီ မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒအတိုင်း ထိုးနှံပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက် ထိုးနှံကြသည့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေ အကွာမှ စောင့်ဆိုင်းစေခြင်း လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့အထိ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ ကျောင်းသား/ သူ (၂၂၉၃၁)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း ကျန်ရှိနေသော ကျောင်းများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
မျိုးလှိုင် တွံတေး