ချမ်းအေးသာစံ ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၂ ခုနှစ် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ သာသနာ ၂၅၀၀ ဗိမာန်တော်တွင် ကျင်းပသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပေးခဲ့ပြီး မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ဟောကြားချီးမြင့်သည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းကြပြီး မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာဓမ္မိကာရာမကျောင်းတိုက်၊ ရတနာပုံကျောင်းဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒထံမှ ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုခဲ့ကြပြီးနောက် ကြွရောက်လာသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသော ပင့်သံဃာ ၂၇ပါး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်