သီပေါ ဇူလိုင် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၉နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ(Talk Show)ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးမှူးဒေါ်တင်တင်စန်းက လူကြီး၊လူငယ်အများ စုတွင် ဖြစ်တတ်သော ရောဂါနှင့် ကုထုံးများအကြောင်းကို ရှင်းလင်းဆွေးနွေရာတွင် ခေါင်းအုံ၊ ခေါင်းကိုက်၊ ခေါင်းခဲခြင်း၊ အပူဝင်၊ အပူငုတ်၊ မျက်စိနာ၊ မျက်စိကြိမ်းစသည့်ရောဂါများ ဖြစ်ပေါ်ပါက ၊ ကုသရမည့် နည်းလမ်း၊ ဆောင်ရန်၊ ရှောင်ရန်များ၊ နေထိုင်ရမည့်နည်းလမ်းများ၊ သောက်သုံးရမည့် ဆေးဝါးများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့သည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကိုဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသောWe Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)