မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုချီးမြှင့်

မိတ္ထီလာ ဇူလိုင် ၂၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းသားသမီးများ ဂုဏ်ပြုချီးမြှင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသူများနှင့် ဂုဏ်ထူးရရှိသူ ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုချီးမြှင့်နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၃) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ တစ်ဦး၊ (၂) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ (၂)ဦး၊ (၁)ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူ (၂)ဦးနှင့် ရိုးရိုးအောင်မြင်ခဲ့သူ (၂)ဦးတို့အား ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ခဲ့ကြရာ ကျောင်းသားကျောင်းသူများ ကိုယ်စား (၃) ဘာသာဂုဏ်ထူးရှင် မဝေဝေခိုင်မင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းအခမ်းအနားကို ဗဟိုပို့ဆောင် ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊  ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် (၃) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူတစ်ဦးလျှင် ငွေကျပ် ၃၅၀၀၀၀၊ (၂) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူတစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀၀၊ (၁) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀၀ နှင့် ရိုးရိုးအောင်မြင်သူ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)