ကျွန်းစုမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ကျွန်းစု ဇူလိုင် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ စုပေါင်းကာ ယနေ့ ဝါဆိုလဆုတ်(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၃) ရပ်ကွက်ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်းနှင့် ဥပုသ်ဆွမ်းကပ် လှူဒါန်းခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များက နမောတဿ သုံးကြိမ်ရွတ်ဆိုကာ  ဩကာသ ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြသည်။

ထို့နောက် အလှူရှင်များက ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ် (၅)ပါးအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သီရိမင်္ဂလာကျောင်းတိုက်ဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်က အနုမောဒနာ တရားတော်များ ချီးမြှင့်တော်မူခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ပြန်/ဆက်)