အထက(ခွဲ) မောတောင်ကျောင်း၌ သံဃာတော်မြတ်များအား ဝါဆိုသင်္ဃန်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်း

တနင်္သာရီ ဇူလိုင် ၂၀

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်မြို့ အထက(ခွဲ)မောတောင်ကျောင်းမှ ကြီးမှူး၍ ယမန်နေ့ နံနက်၉နာရီခွဲ အချိန်က ဆရာတော်/သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ဃန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ပြုလုပ်ရာ ပင့်လျှောက်ထားသည့် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်သံဃာတော်များ၊ တာဝန်ခံကျောင်းအုပ်ဒေါ်ဖြိုးဖြိုးအိနှင့် ဆရာ/ မများ၊ ကျောင်းအကျိုးဆောင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူများ၊ မောတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသူရထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့မအုပ်ချုပ်ရေးမှူး၊ အမှတ်(၁)အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ ကုသိုလ်ယူ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နမောတဿ ဘုရားသုံးကြိမ်ကန်တော့၍ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဝေနေယျသုခကျောင်းတိုက် ဦးစီးနာယက ဆရာတော် ဘဒ္ဒန္တဉာဏိစ္စထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်/သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်း မေတ္တာသုတ်ပရိတ်တော်ကို ရွတ်ပွါးပေးတော်မူကြသည်။

ထို့နောက် တာဝန်ခံကျောင်းအုပ်ဒေါ်ဖြိုးဖြိုးအိနှင့် ဆရာ/မများ၊ ကျောင်းအကျိုးဆောင်များက ဆရာတော် သံဃာတော်(၄)ပါး တို့ထံ ဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပေးကြသည်။

ဆက်လက်၍ ဆရာတော်ဘဒ္ဒန္တဉာဏိစ္စက ဝါဆိုသင်္ဃန်းလှူဒါန်းရခြင်း အကျိုးတရားတော်ကို ချီးမြှင့်မြွက်ကြားပေးတော် မူပြီးနောက် အခမ်းအနား တက်ရောက်လာသူများက အလှူအစုစုအတွက် အမျှပေးဝေ သာဓုသုံးကြိမ်ခေါ်ဆိုခဲ့ကြသည်။      

ယင်းနောက် တာဝန်ခံကျောင်းအုပ်နှင့်ဆရာ/မများ၊ ကျောင်းအကျိုးဆောင်များက ဆရာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး ဖိတ်ကြားထားသော လူပရိတ်သတ်အပေါင်းကိုလည်း နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)