လားရှိုးမြို့တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်းဖွင့်လှစ်

လားရှိုး ဇူလိုင် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၆)လားရှိုး တို့ပူးပေါင်း၍ ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးသင်တန်း ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့သင်တန်းသို့တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချသော အသစ်ပြဌာန်းထားသည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေဘာသာရပ်များအားလည်းကောင်း၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်းပုံစံများ ဖြည့်သွင်းရာတွင် လည်းကောင်း စသည်တို့အား စနစ်တကျသင်ယူမှတ်သားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ သင်တန်းဆင်းပြီးပါက မိမိတို့ကျေးရွာ/ ရပ်ကွက်များသို့ ပြန်လည်ရောက်ရှိသည့်အခါ လူကုန်ကူးခံရသူများ လာရောက်သတင်းပို့တိုင်ကြားခြင်းများရှိပါက ယခုသင်တန်းမှ သင်ကြားပို့ချပေးခဲ့သည် ဥပဒေများ၊ ဖြည့်စွက်ရမည့်ပုံစံများကို အသုံးပြုကာ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထိုနောက် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့ဒုတိယဥက္ကဋ္ဌ ဒုတိယရဲမှူးကြီးမြင့်နိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ လားရှိုးမြို့ပေါ်ရှိရပ်ကွက်(၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ  ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး သင်တန်းဆရာ(၄)ဦးဖြင့် (၃)ရက် တာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)