ကလိန်အောင်မြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

ကလိန်အောင် ဇူလိုင် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်း၍ မျိုးဆက်သစ်ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲက ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ဘောလုံးကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ရေဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ဖြူသီထွဏ်းက ပြိုင်ပွဲဝင်မည့် ကစားသမား များအား ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း နှင့် အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းတို့မှ စတင်ပါဝင်ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ရာဖူး ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ ကျောက်ရှပ်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၊  မရမ်းချောင်း‌ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၊ လော့သိုင်းကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းနှင့် အလယ်စခန်းကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းတို့မှ အုပ်စု(၂)စု၊ အသင်း(၆)သင်းက ဇူလိုင်၂၀ ရက်‌နေ့မှ ၂၂ ရက်အထိ ပတ်လည်ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်ကြောင်း သိရသည်။

‌ယင်းအမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုအဖွဲ့များနှင့် အားကစားဝါသနာရှင်များ တက်ရောက်‌အားပေးခဲ့ကြ ကြောင်း သိရသည်။

ခင်ခင်လဲ့