ရှမ်းရွာသစ် ဇူလိုင် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများပြည်သူ ဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတ ရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန်နှင့် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ ဘိုးလိမ်းပစ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို စိတ်ပါဝင်စားစွာပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)