ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ဧက(၃၈၀)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး သင်းတွဲမြောင်းမှ တိုက်ရိုက်ရေပေးပြွန်(၅)လုံး ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် ဇူလိုင် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ဧက(၃၈၀)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး သင်းတွဲမြောင်းမှ တိုက်ရိုက်ရေပေးပြွန်(၅)လုံးအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၃၅)သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

ပြန်လည်ပြုပြင်ပေးလျက်ရှိသည့် တိုက်ရိုက်ရေပေးပြွန်များမှာ ပေတိုင်အမှတ်အာဒီ (၆+၉၅၀)၊ (၄၇+၇၇၆)၊ (၅၃+၄၉၅)၊ (၅၅+၉၅၅)၊ (၅၇+၂၇၃)၊တို့မှ ရေပေးပြွန်များဖြစ်ပြီး  အရှည်(၂၀)ပေ၊ အကျယ်(၉) လက်မ ပြွန်(၂)လုံး၊ အရှည်ပေ(၂၀)၊ အကျယ်(၈)လက်မ ပြွန်(၂)လုံး၊ အရှည်(၂၀)ပေ၊ အကျယ်(၆)လက်မ ပြွန်(၁)လုံး၊ သံကူကွန်ကရစ် ရေပေးပြွန်(၅)လုံးအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်းနှင့် ရေပြွန်များ ရေရှည်တည်တံ့ခိုင်မာရေးနှင့် ရေအလေအလွင့် နည်းစေရန်အတွက် ရေပြွန်ထိပ်နဖူးစည်းများတွင် ကျောက်သားနံရံစီခြင်း၊ ထိန်းချုပ်ရေတံခါး တပ်ဆင်ခြင်းလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ တိုက်ရိုက်ရေပေးပြွန်များ ပြုပြင်ပြီးပါက သီးနှံမျိုးစုံ(၃၈၀)ဧကအတွက် စိုက်ပျိုးရေများ ပေးဝေရာတွင် ရေထိန်းချုပ်ရေတံခါးများဖြင့် လိုအပ်သည့်အချိန်၌ လိုအပ်သလို ညီညွှတ်မျှတစွာ ပေးဝေနိုင်တော့မည်ဖြစ်သောကြောင့် ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် စိုက်ပျိုးသီးနှံများ အောင်မြင်သည်အထိ လိုအပ်သည့် ရေပမာဏပြည်ဝစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)