ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေး နေကြာသီးနှံ (၃၁၉၇)ဧက လျာထားစိုက်ပျိုး

ကျောက်ဆည် ဇူလိုင်၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် နေကြာသီးနှံ(၃၁၉၇)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်၌ နေကြာသီးနှံများ စိုက်ပျိုးရာတွင် ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတော၊ ဘုံကွင်း၊ စင်းကွန်း၊ ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ ငါးဆူ၊ ရှားပင် ကျေးရွာအုပ်စုများတွင် (၁၀၃၂)ဧက၊ လက်ပံပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ ပတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံ၊ ဇရပ်ဖြူ၊  ညောင်ရွေ၊ သင်ပုတ်၊ ဇရပ်ဖြူ၊ ငါးအိုး၊ အနောက်ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း ကျေးရွာအုပ်စုများတွင် (၆၄)ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ အရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဒါး၊ ရဲဘော်ကြီး၊ ရဲယမန်း ကျေးရွာအုပ်စုများတွင်(၁၈၀၈)ဧက၊ စုစုပေါင်း(၂၉၀၄)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

နေကြာသီးနှံများ အောင်မြင်စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်းကာ နည်းပညာများ စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် နေကြာသီးနှံမျာစိုက်ပျိုးရာတွင် ပက်ကျဲစိုက်ပျိုးခြင်း၊ အတန်းချစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးလျက်ရှိရာ အတန်းချစနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါက လေဝင်လေထွက်ကောင်းမွန်ပြီး အပင်ဖြစ်ထွန်းမှုနှင့် အထွက်နှုန်းကောင်းမွန်ကြောင်း၊ နေကြာ(၁)ဧကစိုက်ပျိုးပါက မြေအမျိုးအစားနှင့် အပင်အပြုစုသည့် အပေါ်မူတည်ပြီး တစ်ဧက(၁၅)တင်းမှ (၂၅)တင်းကျော် ထွက်ရှိကြောင်း နေကြာစိုက်တောင်သူများထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)